သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ နေအိမ်(၁)အိမ်မှ ရွှေထည်ပစ္စည်းများခိုးယူသူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
၃၁.၈.၂၀၁၉ ရက်နေ့ ၁၈၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သီရိဟေမာလမ်း၊ အမှတ်(၂၀)နေ ဆရာမ ဒေါ်—-သည် ၎င်းတာဝန်ကျရာ အထက(၁)ဒဂုံကျောင်းမှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တံခါးမကြီးမှာ ပွင့်နေသဖြင့် အိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ အဝတ်ဘီရိုမှာပွင့်နေပြီး ဘီရိုအတွင်းရှိ ရွှေထည်နှင့်စိန်ထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၆)သိန်းခန့် ပျောက်ဆုံး နေသည်ကို တွေ့ရှိရသဖြင့် ခိုးယူသွားသူအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ရတနာပစ္စည်းများ ခိုးယူသွားသူအား အမြန်ဖမ်းဆီးဆောင် ရွက်သွားရန်” ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်၊ သုမန(၁)လမ်းနေ စွမ်းထက်ပိုင် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၁.၉.၂၀၁၉ ရက်နေ့ ၂၀၀၀ အချိန်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စွမ်းထက်ပိုင် ကို သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ စွမ်းထက်ပိုင် အား အသေးစိတ်စစ်ဆေးရာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၀)ရပ်ကွက်နေ ချမ်းမြေ့ နှင့်အတူ အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ စွမ်းထက်ပိုင် အား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး နှင့် ပူးပေါင်းပါဝင်သူ ချမ်းမြေ့ ကို အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: Yangon Police