ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် စက်တင်ဘာ ၁ဝရက်မှ စတင်၍ ကျင်းပရာ စက်တင်ဘာ ၁၅ ရက်တွင် နောက်ဆုံးနေ့ ယှဉ်ပြိုင်မှုများအဖြစ် ရန်ကုန်မြို့ရှိ အမျိုးသား ကြက်တောင် အားကစားရုံ၌ ဆက်လက် ကျင်းပသည်။

စက်တင်ဘာ ၁၅ ရက် နောက်ဆုံးနေ့ ပွဲစဉ်များတွင် အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၌ အင်ဒိုနီးရှား ကစားသမားနှင့် အိန္ဒိယ ကစားသမား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား တစ်နိုင်ငံတည်း ကစားသမား နှစ်ဦး၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမားအတွဲ နှင့် ထိုင်းကစားသမား အတွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တရုတ်တိုင်ပေ ကစားသမား အတွဲနှင့် ထိုင်းကစားသမား အတွဲ၊ အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက် တွဲ ပြိုင်ပွဲတွင် ထိုင်းကစားသမား အတွဲနှင့် တရုတ်တိုင်ပေ ကစားသမားအတွဲတို့ ယှဉ်ပြိုင်ကြပြီး တစ်ဦးချင်းနှင့် အတွဲလိုက် ပြိုင်ပွဲတွင် ဆုရ ကစားသမားများကို တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများပေးအပ်ကြသည်။

ယင်းပြိုင်ပွဲတွင် ကစားသမား ၁၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အိမ်ရှင်မြန်မာ ကြက်တောင် ကစားသမားများ အနေဖြင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ၌ သက်ထား သူဇာ တစ်ဦးသာ ပူးတွဲ တတိယဆုရရှိ ခဲ့ ကြောင်း သိရသည်။

Credit: mwd