၂.၉.၂၀၁၉ ရက်နေ့ ၀၉၃၀ အချိန်တွင် တရားလို ဒေါ်—-သည် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ရှိနေစဉ် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာ၊ တိုက်(A-1)၊ အခန်း(၅၀၁)တွင် တစ်ဦးတည်းနေထိုင်သော ယောက္ခမဖြစ်သူ Mrs. Kim Min Sook(ကိုရီးယားနိုင်ငံသူ) ကို Air Con လာရောက်ပြုပြင်ပေးသူမှ တွန်းလှဲပြီး ဂေါက်တံဖြင့်ရိုက်ကာ ဖုန်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၃၀၀)ခန့်အား လုယူသွားကြောင်း၊ Mrs. Kim Min Sook တွင် ဒဏ်ရာများ ရရှိ၍ မြောက်ဥက္ကလာပဆေးရုံတွင် ရောက်ရှိနေကြောင်း ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာသာယာရေး ကော်မတီအဖွဲ့ဝင် ကိုဇော်မင်းနိုင်မှ ဖုန်းဆက် အကြောင်းကြားသဖြင့် Mrs. Kim Min Sook ကို ဒဏ်ရာ များရရှိအောင်ပြုလုပ်၍ ပစ္စည်းများယူဆောင်သွားသူအား ဥပဒေအရအရေးယူပေးပါရန် အမှုဖွင့် တိုင်တန်းမှုဖြစ်ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုနှင့် အုပ်ချုပ်မှုအကူ တပ်ခွဲမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဒဂုံမြောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်ရပ်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ တရားလို ဒေါ်—– Air Con ဝယ်ယူခဲ့ဖူးသည့်ဆိုင်မှ ခေါ်ယူပြုပြင်နေကျအလုပ်သမား နေမျိုးအောင်(ခ)ကိုမျိုး(ခ) မျိုးမြင့် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၃-၉-၂၀၁၉ ရက်နေ့ ၂၂၀၀ အချိန်တွင် ပြစ်မှု ကျူးလွန်သူအား ရွှေဘိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
အမှုမှ ပါဆုံးသက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ နေမျိုးအောင်(ခ)ကိုမျိုး(ခ) မျိုးမြင့် ကို ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Source: Yangon Police Page