မိန်းမလျာတို့၏မာယာကျော့ကွင်းအတွင်း အသက်ပေးလိုက်ရတဲ့ကျားမုဆိုး – Myanmar Hot News
1st June 2023

မိန်းမလျာတို့၏မာယာကျော့ကွင်းအတွင်း အသက်ပေးလိုက်ရတဲ့ကျားမုဆိုး

ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းအောင်သည် ၁၂-၈-၂၀၁၉ ရက်နေ့တွင် စခန်းမှူးတာဝန် ဆောင်ရွက်နေစဉ် နေ့လည်(၁)နာရီခန့် ဟင်္သာတမြို့၊ ကံလှကျေးရွာအနီး၊ ဟင်္သာတ-ရန်ကုန် ကားလမ်းဘေးရေမြောင်းအတွင်း လူသေအလောင်းတွေ့ရှိကြောင်း သတင်းရရှိအရ သွားရောက် စစ်ဆေးရာ အလျား(၂၀)ပေခန့် အကျယ်(၇)ပေခန့် အနက်(၄)ပေခန့်ရှိ ရေမြောင်းအတွင်း ပက်လက် အနေအထားဖြင့် ပုပ်ပွပြာနှမ်းကာသေဆုံးနေသည့် အမျိုးသားအလောင်းအားတွေ့ရှိ၍စုံစမ်းရာ သေဆုံးသူမှာ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်နေ မောင်စိုးမြတ်အောင်ဖြစ်ကြောင်းသိရှိရပြီး မောင်စိုးမြတ်အောင် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။


အမှုအား ဖြစ်စဉ်အမှန်စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းမြင့်နှင့် ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်တို့၏အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် စခန်းမှူး ဒုရဲမှူး မင်းအောင်ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနှင့်နယ်ထိန်းအဖွဲ့တို့မှ သတင်းစုံစမ်းခဲ့ပါသည်။ အခင်းဖြစ်နေရာအနီးရှိ “ရွှေမိုး´´သွပ်ပြားဆိုင်မှ CCTV မှတ်တမ်းအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် အခင်းဖြစ်ညက “ရွှေမိုး´´သွပ်ပြားစက်ရုံရှေ့တွင် စိုးသီဟကျော်(ခ)ရန်ကျားပေါက်ဆိုသူအား မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စိုးသီဟကျော်(ခ)ရန်ကျားပေါက်အား ခေါ်ယူစစ်ဆေးခဲ့ပါသည်။ ရန်ကျားပေါက်၏ ထွက်ဆိုချက်အရ မောင်စိုးမြတ်အောင် မသေဆုံးမီ ၈-၈-၂၀၁၉ ရက်နေ့ည (၁၀)နာရီခန့်တွင် ၄င်းနှင့် သူငယ်ချင်းဖြစ်သူ မောင်စိုးမြတ်အောင်(သေဆုံးသူ)တို့ ဆိုင်ကယ်ဖြင့် ဦးပါရဲဘုရားမှ နေအိမ်သို့ ပြန်လာစဉ် ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ ငါးမျက်နှာဘုရားမုခ်ပေါက်အနီးတွင် ၄င်းနှင့် သိကျွမ်းဖူးသော ရန်ကုန်မှ မိန်းမလျာ(၂)ဦးနှင့်တွေ့ဆုံ၍ ဘီယာ(၅)ဗူးဝယ်ကာ ဟင်္သာတမြို့အထွက် ဟင်္သာတ-ရန်ကုန်ကားလမ်းဘေးရှိ ရွှေမိုးသွပ်ပြားစက်ရုံအနီး ကုန်းပေါက်တွင် ဘီယာအတူ သောက်ကြပြီး အိပ်ပျော်သွားခဲ့ကြောင်း၊ မနက်(၆)နာရီခန့် အိပ်ယာမှနိုးသောအခါ မိန်းမလျာ(၂)ဦးနှင့် စိုးမြတ်အောင်တို့အား မတွေ့ရှိတော့ကြောင်း စစ်ဆေးသိရှိခဲ့ရပါသည်။


စိုးသီဟကျော်(ခ)ရန်ကျားပေါက်၏အစစ်ခံချက်အရ ရန်ကုန်မှ မိန်းမလျာ(၂)ဦးတို့အား ဖော်ထုတ်နိုင်ရေး ရန်ကုန်မြို့သို့သွားရောက်စုံစမ်းခဲ့ရာ ၄င်းမိန်းမလျာ(၂)ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက်ရပ်ကွက်၊ သစ်တော(၃)လမ်းနေ ထွန်းထွန်းဝင်း(ခ) မေလေးနှင့် ရန်နောင်ဖြိုး(ခ)ချစ်ချစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။ ၄င်းမိန်းမလျာ(၂)ဦး၏ သတင်းအား ဆက်လက်စုံစမ်းရာ မအူပင်မြို့နယ်ဘက်တွင် ကျင်လည်ကျက်စားတတ်ကြောင်း သတင်းစုံစမ်းရရှိသဖြင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ၄င်းမိန်းမလျာ(၂)ဦး၏ အခြေအနေအား စောင့်ကြည့်သတင်းရယူခဲ့ပါသည်။ ရရှိသောသတင်းများအရ ထွန်းထွန်းဝင်း(ခ) မေလေးနှင့် ရန်နောင်ဖြိုး(ခ)ချစ်ချစ်တို့(၂)ဦးသည် မအူပင်မြို့နယ်အတွင်းတွင်လည်း လူငယ်များ အားစည်းရုံးပြီး အိပ်ဆေးများအသုံးပြုကာ ဆိုင်ကယ်ခိုးယူမှုများ ကျူးလွန်ထားကြောင်း သတင်းရရှိ သဖြင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ဖမ်းဆီးခဲ့ပါသည်။


ဖမ်းဆီးရမိသော တရားခံ ထွန်းထွန်းဝင်း(ခ)မေလေးနှင့် ရန်နောင်ဖြိုး(ခ)ချစ်ချစ်တို့(၂)ဦးတို့ အား အသေးစိတ်စစ်ကြောခဲ့ရာ ၄င်းတို့ပြစ်မှုကျူးလွန်ခဲ့မှုအား မဖုံးကွယ်သာတော့ဘဲ အမှန်အတိုင်း ၀န်ခံထွက်ဆိုခဲ့ရပါသည်။ ထွန်းထွန်းဝင်း(ခ)မေလေးနှင့် ရန်နောင်ဖြိုး(ခ)ချစ်ချစ်တို့(၂)ဦး၏ ၀န်ခံ ထွက်ဆိုချက်အရ ၄င်းတို့(၂)ဦးသည် ၈-၈-၂၀၁၉ ရက်နေ့ ည(၉)နာရီအချိန်ခန့်တွင် ရန်ကုန်မြို့မှ ဟင်္သာတမြို့သို့ရောက်ရှိလာပြီး ည(၁၀)နာရီခန့်တွင် နတ်မော်လမ်း၊ ငါးမျက်နှာဘုရားမုခ်ပေါက်အနီး တွင် လွန်ခဲ့သော(၇)လပိုင်းက ဟင်္သာတမြို့သို့လာရောက်စဉ် သိကျွမ်းခဲ့ဖူးသူ စိုးသီဟကျော် (ခ)ရန်ကျားပေါက်၊ စိုးမြတ်အောင်တို့(၂)ဦးနှင့်တွေ့ရှိခဲ့ကြောင်း၊ ရန်ကျားပေါက်မှ ဘီယာတိုက်ပါ ဟုပြော၍ ၄င်းတို့မှတိုက်မည်ဟုပြောခဲ့ကြောင်း၊ ရန်ကျားပေါက်နှင့် စိုးမြတ်အောင်တို့ ခဏထွက် သွားစဉ် ထိုဆိုင်ကယ်ကို အရယူရန်တိုင်ပင်ခဲ့ကြကြောင်း၊ စိုးမြတ်အောင်ကို ငါးမျက်နှာဘုရား မုခ်ပေါက်တွင် ခဏထားခဲ့ပြီး ၄င်းတို့မိန်းမလျာ(၂)ဦးနှင့် ရန်ကျားပေါက်တို့မှ ဟင်္သာတမြို့တွင်းရှိ စတိုးဆိုင်တစ်ဆိုင်မှ ANDAMAN GOLD ဘီယာဘူးရှည်(၅)ဗူး ၀ယ်ယူကာ ဟင်္သာတမြို့ပြင်ရှိ ရွှေမိုး သွပ်ပြားစက်ရုံအနီး ကုန်းပေါက်သို့သွားရောက်ခဲ့ကြောင်း၊ ၄င်းတို့နေခဲ့ကာ ရန်ကျားပေါက်မှ စိုးမြတ်အောင်အား ပြန်သွားခေါ်ကြောင်း၊ ရန်ကျားပေါက်ထွက်သွားချိန်တွင် ဘီယာဗူး(၂)ဗူးကို ဖောက်ပြီး အိပ်ဆေး(၅)ပြားအား အမှုန့်ကြိတ်ပြီး ဘီယာဗူးထဲထည့်ထားကြောင်း၊ ရန်ကျားပေါက်နှင့် စိုးမြတ်အောင်တို့ပြန်ရောက်လာသောအခါ ဆေးထည့်ထားသော ဘီယာဗူး(၂)ဗူးအား ရန်ကျားပေါက် နှင့် စိုးမြတ်အောင်တို့(၂)ဦးအား တိုက်ခဲ့ကြောင်း၊ ၄င်းတို့(၂)ဦးမှလည်း အိပ်ဆေးမပါသည့်ဘီယာဗူး (၁)ဗူးစီသောက်ခဲ့ကြောင်း၊ ကျန်ဘီယာ(၁)ဗူးကို ရန်ကျားပေါက်နှင့် စိုးမြတ်အောင်တို့မှ တစ်ယောက် တစ်ဝက်ခွဲသောက်ခဲ့ကြောင်း၊ ထို့နောက် ရန်ကျားပေါက် မူးပြီးအိပ်ပျော်သွားပြီး စိုးမြတ်အောင်မှာ လည်း ဖုန်းကိုဘေးတွင်ချ၍ သီချင်းဖွင့်နားထောင်နေရင်း အိပ်ပျော်သွားကြောင်း၊ ၄င်းတို့အိပ်ပျော် သွားစဉ် ထွန်းထွန်းဝင်း(ခ)မေလေးမှ စိုးမြတ်အောင်၏ဖုန်းကိုယူပြီး ရန်နောင်ဖြိုး(ခ)ချစ်ချစ်မှ ရန်ကျားပေါက်၏ ဘောင်းဘီအိပ်ထဲမှ ဆိုင်ကယ်သော့ကိုယူ၍ ကုန်းပေါက်အနီး သစ်ပင်အောက်တွင် ရပ်ထားသော ဆိုင်ကယ်ကိုယူကာ ထွန်းထွန်းဝင်း(ခ)မေလေးအား လှမ်းခေါ်ခဲ့ကြောင်း၊ ထွန်းထွန်းဝင်း(ခ)မေလေးမှ ထရပ်လိုက်စဉ် စိုးမြတ်အောင်မှ ထ၍ ထွန်းထွန်းဝင်း(ခ)မေလေး၏ ဘယ်ဘက်လက်အား လှမ်းဆွဲကာကိုက်လိုက်သဖြင့် ထွန်းထွန်းဝင်း(ခ)မေလးမှ ရင်ဘတ်ကိုဆောင့် တွန်းလိုက်ရာ စိုးမြတ်အောင်မှာ ရေမြောင်းထဲသို့ပြုတ်ကျသွားခဲ့ကြောင်း၊ ထို့နောက် ထွန်းထွန်းဝင်း နှင့် ရန်နောင်ဖြိုးတို့မှ စိုးမြတ်အောင်၏ဆိုင်ကယ်အား ယူဆောင်ကာ ရန်ကုန်သို့မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သေမှုသေခင်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂/၃၂၈/ ၁၁၄ သို့ပြောင်းလဲရေးဖွင့်စစ်ဆေးအရေးယူခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူ(၂)ဦးမှာ မအူပင်မြို့နယ် အတွင်းတွင်လည်း ယခုကဲ့သို့ ဘီယာဗူးတွင် အိပ်ဆေးထည့်ကာ ဆိုင်ကယ်ခိုးယူမှုများကျူးလွန်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။


အင်အားကြီးမားသော ယောက်ျားသားများပင်ဖြစ်လင့်ကစား စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းပါးမှု၊ အပျော်အပါးလိုက်စားမက်မောမှုတို့ကြောင့် မိန်းမလျာတို့၏ မာယာကျော့ကွင်းအတွင်း ပိုင်ဆိုင်မှုပစ္စည်းများပင်မက အသက်ပါပေးဆပ်လိုက်ရသောအဖြစ်မှာ သင်ခန်းစာယူဖွယ်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

Source:

ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး

Tun Min Naung

Leave a Reply

Your email address will not be published. Required fields are marked *