စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကိုဘယ်လိုဖေးမကူညီသင့်သလဲ – Myanmar Hot News
7th June 2023

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကိုဘယ်လိုဖေးမကူညီသင့်သလဲ

ကိုယ်ချစ်ရတဲ့သူတွေ စိတ်ဓာတ်ကျနေတာကိုမြင်ရတာဟာ
ကိုယ်တိုင်လဲစိတ်ချမ်းသာစရာမကောင်းပါဘူး။

စိတ်ဓာတ်ကျခြင်းကအချိန်ကြာလာတဲ့အခါ ကိုယ့်အသက်ကိုယ်တောင် ရန်ရှာတတ်တဲ့အတွက် နောက်မကျခင် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ကိုယ်ချစ်တဲ့သူတွေကိုပျော်စေချင်တာလူတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီနည်းလမ်းလေးတွေကစိတ်ဓာတ်ကျနေသူကိုအကောင်းဆုံး
အားပေးနှစ်သိမ့်နိုင်မှာပါ။

၁။ စိတ်ဓာတ်ကျခြင်းအကြောင်းကိုလေ့လာပါ။

တစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ကျပုံခြင်းမတူညီကြပါဘူး။ တစ်ချို့ကတော့ အစားအလွန်အကျွံစားမယ်။ တစ်ချို့ကတော့ မျက်ရည်လွယ်ပြီး အမြဲတမ်းဝမ်းနည်းနေတတ်မယ်။

တစ်ချို့ကတော့ ဒေါသထွက်လွယ်နေမယ်။ စသဖြင့် ပုံမှန်ထပ် အနည်းငယ်ပိုလွန်နေတဲ့ အပြုအမူမျိုးရှိတတ်ကြပါတယ်။

စိတ်ဓာတ်ကျနေသူတစ်ဦးရဲ့ အပြုအမူတွေကို ဆိုးဆိုးဝါးဝါး
မှတ်ချက်ချပြောဆိုခြင်းမပြုဘဲ သူ့လုပ်ရပ်တွေကို
အသာတကြည်စောင့်ကြည့်လေ့လာပါ။

၂။ နားထောင်ပေးပါ။

စိတ်ဓာတ်ကျနေသူတွေအများစုမှာရင်ထဲမှာသိမ်းထားရတဲ့ခံစားချက်တွေ
ရှိပါတယ်။ သူတို့ကသင့်ကိုရင်ဖွင့်ပြောဆိုနေပြီဆိုရင် ထောက်ပြဝေဖန်တာမျိုးမလုပ်ဘဲ ငြိမ်ငြိမ်လေးနားထောင်ပေးလိုက်ပါ။

သူ့အမှားကိုသင်သိတယ်ဆိုရင်တောင် အပြစ်မတင်ဘဲ
သူ့ဘက်ကရေလိုက်ငါးလိုက် ပြောပေးပါ။ သူ့ရင်ထဲကရှိသမျှကို
ပွင့်အန်ခွင့်ပေးလိုက်ပါ။

၃။ အကူအညီပေးပါ။

စိတ်ဓာတ်ကျနေသူဟာအလွယ်တကူအားငယ်တတ်ပါတယ်။ တစ်ခုခုကြုံလာပြီဆိုဘေးနားမှာဘယ်သူမှမရှိဘူးတစ်ယောက်ထဲ
ရင်ဆိုင်ရတယ်ဆိုပြီး ၀မ်းနည်းတတ်ကြပါတယ်။ ဒါ့ကြောင့် သင်က
သူ့ကိုအားပေးကူညီဖို့ အသင့်ရှိနေကြောင်းသူသိပါစေ။

လိုတဲ့အချိန်ခေါ်လိုက်နော်လို့ ပြောမယ့်အစား “ ဆေးခန်းသွားမယ်ဆိုရင် မသွားခင်တစ်ရက်ကြိုပြောပါ လိုက်ပို့ပေးမယ် “ ၊ “နေ့လည်စာစားချိန်လာတွေ့မယ်” ဒီလိုမျိုးတိတိကျကျလေး
ထည့်ပြောပေးတာက သူ့အတွက်ပိုဝမ်းသာစရာကောင်းမှာပါ။

၎။ ပျော်စရာတွေအတူလုပ်ပေးပါ။

သူ့ကိုအိမ်ထဲမှာပဲအချိန်မကုန်ပါစေနဲ့။ အခန်းတွင်းအောင်းပြီး
ဖုန်းလေးပဲကြည့်နေချင်သူကိုအပြင်ထွက်ဖို့ ခေါ်ပါ။

အပြင်ဆိုင်တစ်ဆိုင်ဆိုင်မှာမုန့်အတူတူစားပါ။ စကားတွေအများကြီးပြောပါ။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ်အောင်ထားပါ။

၅။ မေးခွန်းတွေမေးပါ။

စိတ်ဓာတ်ကျနေတဲ့သူတွေ အမေးခံရဆုံးစကားကတော့ “ ဘာဖြစ်နေတာလဲ “ ဆိုတဲ့စကားပါပဲ။ တကယ်တော့ သူကိုယ်တိုင်လဲ
ဘာဖြစ်နေမှန်းမသိတဲ့အတွက် သင့်ကိုဖြေစရာအဖြေရှိမှာမဟုတ်ပါဘူး။

ဒီလိုမေးမယ့်အစား “ ဘာလုပ်နေလဲ “ “ တစ်ခုခု( သူနှစ်သက်တဲ့အရာ )လိုချင်လား “ “ငါအပြင်သွားမလို့ လိုက်ခဲ့ပါလား” “ဒီရုပ်ရှင်ကိုကြိုက်လားဘယ်လိုမြင်လဲ ” စတဲ့ ဖြေရလွယ်တဲ့ မေးခွန်းလေးတွေမေးပါ။ ပေါ့ပေါ့ပါးပါးစကားလေးတွေက
သူ့ကိုစိတ်အပြောင်းအလဲဖြစ်စေပါတယ်။

၆။ သူတို့ရဲ့ခံစားချက်ကိုလျစ်လျူမရှုပါနဲ့။

အသိအမှတ်ပြု မခံရခြင်း၊ လျစ်လျူရှုခံရခြင်း၊ အပယ်ခံရခြင်းတို့ကလည်းစိတ်ဓာတ်ကျမှုကိုပိုဆိုးစေပါတယ်။

ကိုယ့်အတွက်ဘာမှမဟုတ်တဲ့ကိစ္စလေးကသူ့အတွက်တော့ အကြီးကြီးဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် သူဖြစ်ချင်တာတွေကိုဦးစားပေးပါ။ သူ့ထင်မြင်ယူဆချက်တွေကိုပြောခွင့်ပေးပါ။ သူ့ကို
အရေးမပါတဲ့သူလိုမဆက်ဆံပါနဲ့ ။

၇။ ကြင်ကြင်နာနာ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံပါ။

အချစ်ခံရခြင်းကလောကကြီးမှာအကောင်းဆုံးခံစားချက်ပါပဲ။
သင့်ရဲ့ ကြင်နာတဲ့စကားတစ်ခွန်းကသူ့အတွက်အများကြီးတန်ဖိုးရှိပါတယ်။ အသက်ရှင်နေရခြင်းဟာအချစ်ခံရမှအဓိပ္ပာယ်ရှိမှာဖြစ်တဲ့အတွက် သူ့ဘ၀ကို ဆက်လက်ရှင်သန်စေချင်ရင် ချစ်ခြင်းမေတ္တာကို ပြသပေးပါ။

၈။ လက်မလျှော့လိုက်ပါနဲ့။

သူဟာစိတ်ဓာတ်ကျနေတဲ့သူဖြစ်တဲ့အတွက် သင်နဲ့အတူတူ
ပျော်ပျော်နေဖို့ကိုငြင်းဆန်တဲ့အချိန်တွေလည်းရှိပါလိမ့်မယ်။ ဒါပေမယ့် သူ့ကိုသုံးစားလို့မရတော့တဲ့သူတစ်ယောက်လို့ မသတ်မှတ်လိုက်ပါနဲ့။ လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့ဝေဒနာ အနည်းနဲ့အများတော့ရှိကြတာပါပဲ။

သင့်မှာလည်းရှိနေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေခြင်းဟာ
ဘာကိုမှပြီးမြောင်အောင်မြင်အောင် မလုပ်နိုင်တော့တဲ့ သုံးစားမရတဲ့ သူဖြစ်သွားခြင်းမဟုတ်ပါဘူး။ ဒါ့ကြောင့်သူ့ကိုလွှတ်မထားလိုက်ပါနဲ့။

၉။ သူ့လုပ်ရပ်တွေကိုဗွေမယူပါနဲ့။

တစ်ခါတစ်လေသူ့လုပ်ရပ်တွေကသင့်စေတနာကိုစော်ကားသလို
ဖြစ်နေပါလိမ့်မယ်။ သူ့ကိုပျော်ရွှင်အောင် လုပ်ပေးနေပေမယ့်လည်း
သင့်ကိုအသိအမှတ်ပြုပေးချင်မှလည်း ပြုပေးနိုင်ပါလိမ့်မယ်။

သူကစိတ်ထိခိုက်လွယ်နေတဲ့အတွက် သင့်ကိုရန်ပြုမိတဲ့
အချိန်လည်းရှိပါလိမ့်မယ်။ အတတ်နိုင်ဆုံးသည်းခံပြီးစိတ်အေးအေးထားပါ။

၁၀။ လိုအပ်မယ်ထင်ရင် ပြင်ပအကူအညီယူပါ။

တစ်မိသားစုလုံးဂရုစိုက်ပေးနေပေမယ့်လည်း ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီမျိုးကိုယူရတဲ့အခြေအနေလည်းရှိလာနိုင်ပါတယ်။

စိတ်ဝေဒနာပညာရှင် သို့မဟုတ် စိတ်ဓာတ်ရေးရာအကြံပေး
ဆွေးနွေးနိုင်သူတစ်ဦးကို ဆက်သွယ်ဖို့ဝန်မလေးပါနှင့်။

Leave a Reply

Your email address will not be published. Required fields are marked *